ဆောင်းပါး

လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ


  ခုနှစ် ရာသီ သက္ကရာဇ်တို့ကား မရပ်မနား စီးဆင်းနေ၏။ သို့သော် သမိုင်းမှတ်တိုင်များကား ပြောင်းလဲမသွား။ ထို့အတူ သမိုင်းကို ရေးထိုးခဲ့သူများ၏ ဂုဏ်ရောင်များလည်း မှေးမှိန်မသွား။ ရာဇ၀င်တွင်သော သမိုင်းကြောင်းများကလည်း ဟောင်းနွမ်းမသွားဘဲ မျိုးဆက်သစ်များအတွက် အစဉ်သဖြင့် မီးရှူးတန်ဆောင်သဖွယ် လမ်းညွှန်လျက် ရှိချေသည်။  ၂၀ ရာစု မြန်မာ့သမိုင်းသည် လွတ်မြောက်ရေးအတွက်
ရုန်းကန်မှု၊ တော်လှန်မှုများဖြင့် ပြည့်နှက်နေ၏။ ခေတ်သမိုင်းကို ပိုင်းဖြတ်ကြည့်သော် ခေတ်တိုင်း ခေတ်တိုင်းတွင် အားလုံး၏ ရှေ့ဆုံးမှထွက်ကာ ဦးဆောင်သူ တဦးကို ထီးထီးမားမား တွေ့ရမြဲပင်။

ဗြိတိသျှ ကိုလိုနီနယ်ချဲ့ကို ရဲရဲဝံ့ဝံ့ အာခံဝံ့သူ အဖြစ်လည်းကောင်း၊ တတိုင်းတပြည်လုံး နိုင်ငံရေးစိတ် နိုးကြားထကြွလာအောင် ဦးဆောင်လမ်းညွှန်ခဲ့သူ အဖြစ်လည်းကောင်း သမိုင်းရေးထိုးခံရသူတဦးမှာ ဆရာတော် ဦးဥတ္တမ ဖြစ်သည်။ အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရရှိအောင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ခဲ့သည် ဆိုသည်မှာ အငြင်းပွားစရာမရှိသကဲ့သို့ စစ်ဖိနပ်အောက်မှ ဒုတိယ လွတ်မြောက်ရေးအတွက် ရှေးဆုံးမှ မားမားမတ်မတ် ရပ်တည်ကာ ချီတက်နေသူမှာ ဒေါ်အောင်ဆန်းစုကြည် ဆိုသည်မှာလည်း ကမ္ဘာသိပင် ဖြစ်ပေသည်။

၁၉ ရာစု အစောပိုင်းကာလမှ ၁၉၂၀ ခုနှစ်အထိ အင်္ဂလိပ်တို့သည် မြန်မာပြည်သူများ၏ ရှိခိုးခံ၊ ဘုရားထူးခံ ဘ၀များဖြင့် ကျေနပ်နေကြသော ကာလဖြစ်သည်။ ဘုန်းတော်ဘွဲ့များ ရွှေနားတော်သွင်း ဧချင်းများကို နားဆင်ရင်း သာယာလျက် ရှိခဲ့ကြ၏။

၁၉၁၁ ခုမှ ၁၉၂၀ ၀န်းကျင်အတွင်း ဆရာတော်သည် သူရိယသတင်းစာကြီးမှတဆင့် နိုင်ငံရေး ဆောင်းပါးများ ရေးသားကာ ကျွန်သဘောက်ဘ၀တွင် အိပ်မောကျနေသော မြန်မာလူထု၏ အမျိုးသားရေး စိတ်ဓာတ်များကို နှိုးထခဲ့စေလေသည်။ ဆရာတော်သည် ယခုခေတ်စားနေသော “လူ့အခွင့်အရေး” နှင့် လွတ်လပ်ရေး အကြောင်းကို ရှင်းလင်းရေးသား ပြခဲ့လေသည်။ ထို့အပြင် နိုင်ငံသူနိုင်ငံသားများ ဦးထိပ်တင်သော ရဟန်း သံဃာတော်များကိုလည်း သင်္ကန်းခေါင်းမြီးခြုံကာ အိပ်မနေဘဲ တိုင်းသူပြည်သားများအတွက် လောကတ္ထစရိယ၊ ဉာတတ္ထစရိယ တည်းဟူသော ကိုယ့်လူမျိုးအတွက် ကိုယ့်လောကအတွက် အလုပ်လုပ်ကြရန် ရေးသားခဲ့လေသည်။

ဆရာတော်သည် ယင်းသို့ ရေးသားမှုကြောင့် ထိုခေတ်က သံဃာတော်များ၏ ၀ိုင်းပယ်ခြင်းကို ခံခဲ့ရသကဲ့သို့ ဘာသာရေးအမြင်သာရှိပြီး နိုင်ငံရေးအမြင် အားနည်းသော သို့မဟုတ် အကြောက်လွန်သော သူများ၏ ဖယ်ကျဉ်ခြင်းကို ခံခဲ့ရလေသည်။ သို့သော် ဆရာတော်ကား အလျဉ်းမမှုဘဲ မိမိရည်မှန်းချက်အတိုင်း ဆယ်စုနှစ်တခုခန့် အမျိုးသားရေး စိတ်ဓာတ်၊ လွတ်လပ်ရေး စိတ်ဓာတ်များကို ပျိုးထောင်ပေးခဲ့ရာ ၁၉၂၀ ပြည့်နှစ်ရောက်သောအခါ မြန်မာပြည်သူများ၏ နှလုံးသားတွင် ရှေးဦးစွာ ဖူးပွင့်လာခဲ့ပါတော့သည်။

ယင်းအကြောင်းနှင့်စပ်လျဉ်း၍ ဗမာ့ခေတ် သတင်းထောက် ဦးဘရင် ရေးသားသော “ဆရာတော်ဦးဥတ္တမ” စာအုပ်တွင် ဤသို့ ရေးသား ဖော်ပြခဲ့သည်။

“… လူဟာ လူ့အခွင့်အရေး ဘာလဲဆိုတာ နားလည်လာကြတယ်။ ကိုယ့်အခွင့်အရေး ကိုယ်သိပြီး မရ ရအောင် ကြိုးစားတတ်ရင် ဒါဟာ လူစိတ်ရှိတယ်လို့ ဦးပဉ္ဇင်း ဆိုလိုတာပဲ။ ဟော … အခု ရန်ကုန်ကောလိပ် ကျောင်းသားတွေက စပြီး အင်္ဂလိပ်ကျောင်းတွေက သင်ပေးတဲ့ပညာကို မကျေနပ်လို့ သပိတ်မှောက်ကြကုန်ပြီတဲ့။ ရန်ကုန်မြို့ကနေပြီး အဲဒီကိစ္စကြီးမှာ ဦးပဉ္ဇင်းထံ အကြံညဏ်တွေ ယူချင်လို့ ဦးပဉ္ဇင်းကို ရန်ကုန်ကြွလာခဲ့ပါဆိုတာ ကြေးနန်းစာ အခုပဲရတယ်။ ဗမာတွေ ဒီလို စိတ်တွေဝင်စားလာကြဖို့ မျှော်လင့်ပြီး ဦးပဉ္ဇင်း ကြိုးစားနေတာ အခုတော့ ကြိုးစားရကျိုးနပ်ပြီ။ ဒါကြောင့် ဦးပဉ္ဇင်း သေပျော်ပါပြီလို့ ပြောတာ”  ဟု ဦးဥတ္တမ၏ ဒွေးတော်၊ ဦးရီးနှင့် ညီဖြစ်သူတို့ကို ရှင်းပြခန်း ဖော်ပြထားသည်။

ယင်း ပထမ တက္ကသိုလ် ကျောင်းသားသပိတ်ကြီးကား အုပ်စိုးသူ အင်္ဂလိပ်တို့ နှာခေါင်းကို ကျည်ပွေ့ဖြင့် ပြင်းပြင်းထန်ထန် ဖြတ်ရိုက်ခံလိုက်ရခြင်း ဖြစ်၏။

ပထမကျောင်းသား သပိတ်ကြောင့် မြန်မာနိုင်ငံအ၀ှမ်းတွင် အမျိုးသားကျောင်းများ အမျိုးသားရေး စိတ်ဓာတ်များ တောမီးပမာ လောင်ကျွမ်းခဲ့ရာ ယင်းမျိုးစေ့ကို စတင်ပျိုးကြဲခဲ့သူ ဆရာတော်လည်း တောရောမြို့ပါ လိုက်လံ၍ ၀ံသာနု ရက္ခိတ အမျိုးသားရေးတရားများကို အားသွန်ခွန်စိုက် ဟောခဲ့လေသည်။




ဆရာတော် ဦးဥတ္တမ ၁၉၂၂ ခုနှစ်တွင် ဒေးဒရဲပိုင် ဆူးကလပ်ရွာတွင် ပထမအကြိမ် အဖမ်းခံခြင်းနှင့် စပ်လျဉ်း၍ ဦးဘရင်၏ စာအုပ်တွင် “ဗမာလူမျိုးတို့သည် နိုင်ငံရေးကို ဆောင်ရွက်လျှင် အဖမ်းခံရမည်။ ထောင်ကျခံရမည်။ ငါတို့လည်း ဒီလိုပင် အဖမ်းခံကြမည်။ ထောင်ကျခံကြတော့မည်ဟု စိတ်များတက်ကြွပြီးလျှင် နိုးကြားသည်ထက် နိုးကြားလာကြလေသည်။ ထိုအခါ မနိုးကြားခဲ့လျှင် ယခုအခါ၌ လွတ်လပ်ရေး ဝေပေသေးသည်။ သံဃာတော် အရှင်မြတ်တို့လည်း မနေသာတော့ဘဲ ငါတို့လည်း ဦးဥတ္တမကဲ့သို့ပင် ဆောင်ရွက်ကြတော့မည်ဟု ရည်သန်ပြီးလျှင် သံဃာ့သာမဂ္ဂီဟူ၍ နိုင်ငံရေးအဓိကထားသော အဖွဲ့ပေါင်း ၃၇ ဖွဲ့တို့ကို ထိုနှစ်တွင် ဖွဲ့စည်းတည်ထောင်လာလေရာ …” ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

သူရိယသတင်းစာမှ အယ်ဒီတာများသည် ဆရာတော်၏ ၀ံသာနုရက္ခိတ တရားများနှင့် အမျိုးသားရေး နိုင်ငံရေးလုပ်ဆောင်ချက်များကို ပြည်သူသိအောင် အစဉ်တစိုက် ဖော်ပြပေးခဲ့သည်။

အပြင်းထန်ဆုံးသော ဆရာတော်၏ ရေးသားချက်ကား မြန်မာပြည်ဆိုင်ရာ ဒုတိယ ဘုရင်ခံချုပ် ဆာရက်ဂျီနယ် ကရက်ဒေါက်ကို မြန်မာနိုင်ငံမှ ချက်ချင်းထွက်သွားရန် မောင်းထုတ်သောစာဖြစ်၏။ ယင်းစာကို ဆာရက်ဂျီနယ် ကရက်ဒေါက်ထံသို့ တိုကရိုက်လိပ်မူပို့သကဲ့သို့ သူရိယသင်းစာကြီးတွင်လည်း ထည့်သွင်းလိုက်ရာ အကြောက်တရားအောက်တွင် အိပ်မောကျနေသော မြန်မာပြည်သူ လူထုတရပ်လုံးကို လှုပ်နှိုးနိုင်ခဲ့သည်။

ထိုရေးသားချက်နှင့် ပတ်သက်၍ ဦးဘရင်က “တကယ်စင်စစ် ဘုရင်ခံကလည်း ထွက်သွားမည်မဟုတ်။ သို့သော် ဦးဥတ္တမက တို့ဗမာလူမျိုးတွေမှာ ဒီလိုပြောနိုင်တဲ့ အခွင့်အရေးတွေ ရှိနေတယ်ဆိုပြီး သင်ပေးလိုက်ခြင်းသာ ဖြစ်သည်။ နောက်တခုမှာ အစိုးရအရာရှိ ဆိုသောစကားမှာ အင်္ဂလိပ်ဘာသာတွင် ‘ပြည်သူ့ဝန်ထမ်း’ ဟူ၍ ဆိုသည့်အတိုင်း အရာရှိမဟုတ်၊ ပြည်သူ့အစေခံသာဖြစ်၍ သူတို့ကို ဘာမှ ကြောက်စရာမလိုဟု လှုံ့ဆော်ရေးသားထားသည်ကိုလည်း ကျွန်ုပ်တို့ ဖတ်ရှုရသေးသည်” ဟု ရေးခဲ့သည်။

၂၀ ရာစု ခေတ်ဦးပိုင်းက ဆရာတော် ပျိုးခဲ့သော မျိုးချစ်စိတ်ဓာတ်များ၊ နိုင်ငံရေးသဘောတရားများသည် ယနေ့ မျိုးဆက်သစ် နိုင်ငံရေးလှုပ်ရှားသူ ရဟန်းတော်များ၊ ကျောင်းသားများအထိ သြဇာလွှမ်းမိုးလျက်ရှိကြောင်း ၂၀၀ရ ရွှေဝါရောင် တော်လှန်ရေးက သက်သေပြလျက်ရှိသည်။

ဆရာတော်၏ ဘ၀သမိုင်းထဲမှ လေးစားစရာ အကောင်းဆုံး အချက်မှာ အတ္တဟိတနှင့် ပရဟိတ လုပ်ငန်း ၂ စလုံးကို အပြောင်မြောက်ဆုံး လုပ်နိုင်ခဲ့ခြင်းဖြစ်၏။ ဆရာတော်သည် မိမိကိုယ်ကျိုးအတ္တအတွက် သူ၏ ငယ်ရွယ်သော သက်တမ်းကာလအတွင်း ပညာဆီမီးကို ဘ၀တွင် ပြည့်စုံအောင် ဖြည့်တင်းခဲ့သည်။ ၁၈၇၉ ခုနှစ်တွင် မွေးဖွားခဲ့သော ဆရာတော်သည် ၁၉၁၀ ၀န်းကျင်ကာလအထိ ပညာရေးအတွက် မိမိ၏အချိန်များကို အသုံးပြုခဲ့သည်။ သူ့ဘ၀၏ အစောပိုင်း နှစ် ၃၀ ကာလသည် ပညာရှာဖွေ ဆည်းပူးမှုကာလ ဖြစ်၏။

ကျန်သော အနှစ် ၃၀ (၁၉၁၀ မှ ၁၉၃၀) ၀န်းကျင်ကိုမူ ပရဟိတလုပ်ငန်းဖြစ်သော မြန်မာပြည် သူ့ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် နိုင်ငံရေးလောကသို့ ခြေစုံပစ်ကာ ၀င်ရောက်လှုပ်ရှားခဲ့သည်။ တိုင်းပြည် လွတ်လပ်ရေးရသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်မရခဲ့သော်လည်း လွတ်လပ်ရေး မျိုးစေ့ကို ချပေးခဲ့သူ လွတ်လပ်ရေးမီးရှူးတန်ဆောင်အဖြစ် သမိုင်းမော်ကွန်းတွင် စိုက်ထူခဲ့လေ၏။ လွတ်လပ်ရေး ဗိသုကာဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလည်း ဆရာတော်နည်းတူ လွတ်လပ်ရေးကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့် မရရှိခဲ့ပါ။

ဆရာတော် အလိုရှိသည်ကား ဟုမ္မရူး ခေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေးဖြစ်၏။ အင်္ဂလိပ်အစိုးရက ပေးလိုသည်ကား ဒိုင်အာခီ ခေါ် ၉၁ ဌာနအုပ်ချုပ်ရေး ဖြစ်သည်။ ဒိုင်အာခီအုပ်ချုပ်ရေးကို ဆရာတော်သည် ပြင်းထန်စွာ ဝေဖန် တိုက်ခိုက်ခဲ့သည်။

“ဟုမ္မရူးအတွက် ကြိုးစားကြရာမှာ ကြောက်လန့်စိတ်တွေ မထားကြနဲ့။ ကြောက်မွှေးပါရင် ဇာဂနာနဲ့ နှုတ်ပစ်ကြရမယ်။ ခိုးရမှာ၊ ဒိုင်အာခီ ကောင်စီဝင်ရမှာသာကြောက်။ ကျေးလက်က ဒကာတွေ သူကြီးကို မကြောက်ကြနဲ့။ သူကြီးတင်မကဘူး၊ မြို့အုပ် ၀န်ထောက်ကိုလည်း ကြောက်ဖို့မလိုဘူး။ သူတို့ထက်ကြီးတဲ့ ဘုရင်ခံဆိုတာကိုလည်း ကြောက်စရာမရှိပါဘူး။ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုး အုပ်ချုပ်ရလေအောင် ဘုရင်ခံနဲ့ ဗျူရိုကရက်တွေကို နှင်ထုတ်ကြရမယ်။ ကရက်ဒေါက် ထွက်သွားလို့ ဥတ္တမက ဂျူဗလီမှ ထပ်ပြီးအမိန့်ပေးနေတယ်” ဟု ဟောပြောခဲ့သည်။

ဆရာတော်၏ ခြိုးခြံချွေတာမှု၊ အဆင်းရဲခံမှုနှင့် ပတ်သက်၍ ဦးဘရင်က “ကျွန်ုပ်မျက်မြင်တွင် ရန်ကုန်ဘူတာကြီး အပေါက်ဝမှ ဘယာကျော်ကုလားက တနေ့လျှင် ဘယာကြော်တခုကျ ပေးလှူသည်ကို နှစ်ခြိုက်စွာ စားသောက်လျက် မည်သည့်ဒါယကာအိမ်သို့မျှ ကြွပြီး ငါ့ကို ဆွမ်းကျွေးစမ်း၊ ဘာစမ်းဟူ၍ ပြောသည်ကိုမကြားရပေ … ဆရာတော်သည် ထိုအချိန်ကဆိုလျှင် နိုင်ငံရေးပါတီအချို့မှ လူကြီးများက သူ့အပေါ် အငြိုးကြီးပြီး စေတနာကွက်နေချိန်ဖြစ်သည် … ဆရာတော်က ‘လှထွန်းဖြူရေ၊ ငါ မနေ့က ဦး xxx အိမ်ကို သွားတယ်ကွ။ သူက ငါ့ကို မလာနဲ့ ဘုန်းကြီး ဘာညာနဲ့ နှင်ချလိုက်တာပဲ’ ဟု တဟဲဟဲ ရယ်ရယ်မောမောနှင့် ပြောသည်ကို ကြားရသည်။ သည်းခံတော်မူနိုင်ပါပေသည်” ဟု ရေးသားထားသည်။

ဆရာတော်သည် သက်တော် ၆၀ ပြည့်သော ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။

ဆရာတော် ပျံလွန်တော်မူပြီး ၂ ရက်အကြာ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပြုလုပ်သော ဗမာပြည် အောက်လွှတ်တော် အစည်းအဝေး၌ အမတ်များအားလုံး ၀မ်းနည်းသည့် အထိမ်းအမှတ်ဖြင့် ၅ မိနစ် ရပ်နားပြီး အရိုအသေပြုကြသည်။ သက်ဆိုင်ရာ ဆွေမျိုးများသို့ ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့ကြသည်။

ယင်းအစည်းအဝေးတွင် မန္တလေးမြို့ အိန္ဒိယအမျိုးသားများ ကိုယ်စားလှယ် အမတ် မစ္စတာ ဂန်ဂါဆင်းက အောက်ပါအတိုင်း ထုတ်ဖော်ပြောဆိုသည်ကို အမတ်များက သဘောကျ လက်ခံခဲ့ကြသည်ဟု သိရသည်။

မစ္စတာ ဂန်ဂါဆင်းက “ဆရာတော် ဦးဥတ္တမသည် ဤနိုင်ငံတွင် အကြီးဆုံးသော နိုင်ငံရေးခေါင်းဆောင်ကြီး ဖြစ်တယ်လို့ ကျွန်ုပ်ပြောခဲ့သော ထိုစကားဟာ အပိုမပါသော စကားဖြစ်ပါတယ်။ သူဟာ ဗမာပြည်နိုင်ငံရေးကို အစပြုသောပုဂ္ဂိုလ်ဖြစ်ပြီး ဗမာ့နိုင်ငံရေး တိုးတက်မှုဟူသမျှဟာလည်း သူ့ကိုအကြောင်းပြုပြီးမှ ပေါ်လာတာပဲဟု ကျွန်ုပ်က ထပ်မံပြောလိုပါတယ်။ ဆရာတော် ဦးဥတ္တမသည် တကြိမ်တည်းနှင့် ဤမျှအထိ နိုင်ငံရေးတိုးတက်မှု ဆောင်ရွက်နိုင်ခြင်းကား အခါအခွင့် သင့်သောကာလ၌ မိမိအသိဉာဏ်နှင့် အသက်ခန္ဓာကို တိုင်းပြည်နှင့်လူမျိုးအတွက် အသုံးချမည်ဟူသော ရည်ရွယ်ချက်တွင် နှစ်ပေါင်းများစွာက ကိုယ်တွေ့ဆည်းပူးခဲ့သော ပြည့်ဝသည့် အရပ်ရပ်ပညာများကို ပေါင်းစပ် ဆောင်ရွက်နိုင်ခြင်းကြောင့်သာ ဖြစ်ပေသည်” ဟု ထုတ်ဖော်ပြောဆိုခဲ့ပေသည်။
http://thureinsoe.netii.net/index.php/2012-03-30-15-18-56/2012-03-30-15-25-00/11-2012-03-31-18-45-25

No comments:

Post a Comment